မန္တလေးတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၃ ဦးကို မတ်လ ၉ ရက် ည ၇ နာရီလောက်မှာ ရဲနဲ့စစ်တပ်က လာရောက်ဖမ်းဆီးသွားပါတယ်။
မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲချုပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မန္တလေးခရိုင်တွဲဘက် အတွင်းရေးမှူး ဦးတင့်ဆွေ၊ မဟာအောင်မြေ ဘဏ္ဍာရေးမှူး ဦးငြိမ်းချမ်းစိုးနဲ့ မဟာအောင်မြေအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်စိုးတို့ ၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားတာပါ။
ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာနဲ့ လက်ရှိ ဘယ်နေရာမှာ ဖမ်းဆီးခံနေရတယ်ဆိုတာတော့ မသိရသေးပါဘူး။
အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေက မြန်မာနိုင်ငံတဝန်း အန်အယ်လ်ဒီ ခေါင်းဆောင် တွေနဲ့ ရပ်ကျေးတာဝန်ရှိသူအဆင့်ဆင့်ကိုပါ အကြမ်းဖက်လိုက်လံ ဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးခံထားရစဉ် သေဆုံးသူ တချို့လည်း ရှိခဲ့ပါတယ်။