ရန်ကုန်မြို့ စမ်းချောင်းမှာရှိတဲ့ ဆန္ဒဖော်ထုတ်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တားဆီးပိတ်ဆို့ခြင်းမပြုဘဲ နေအိမ်သို့ ဘေးကင်းစွာ ပြန်ခွင့်ပြုဖို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးနဲ့ ဥရောပသမဂ္ဂ အီးယူ သံရုံးတို့က ဒီကနေ့ည ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
“ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် ဖြစ်ပေါ်လျက်ရှိသည့် တင်းမာနေသည့် အခြေအနေကို ချက်ချင်းဖြေလျော့ပေးရန်နှင့် ဆန္ဒဖော်ထုတ်သူများကို လုံခြုံရေးတပ်ဖွဲ့များက တားဆီးပိတ်ဆို့ခြင်းမပြုဘဲ နေအိမ်သို့ဘေးကင်းစွာပြန်ခွင့်ပေးရန် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က တောင်းဆိုလိုက်သည်။” လို့ ကုလသမဂ္ဂရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အီးယူသံရုံးကလည်း လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပိတ်မိနေတဲ့ လူငယ်တွေကို စမ်းချောင်းဧရိယာကနေ ထွက်ခွာခွင့်ပေးဖို့နဲ့ ဘေးကင်းလုံခြုံစွာ အိမ်ပြန်ခွင့်ပေးဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အမေရိကန်သံရုံးနဲ့ ကနေဒါ သံရုံးတွေကလည်း လုံခြုံရေးတပ်ဖွဲ့တွေ စမ်းချောင်းမြို့နယ်မှ ထွက်ခွာပေးဖို့နဲ့ ပြည်သူတွေကို နေအိမ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာပြန်ခွင့်ပြုဖို့ အစောပိုင်းကတောင်းဆိုထားပါတယ်။
စမ်းချောင်း ကျွန်းတောလမ်းဘက် ဗားကရာတစ်ဖက်ခြမ်းကို စစ်တပ်နဲ့ ရဲလက်နက်ကိုင် တပ်ဖွဲ့တွေက လမ်းမကြီးတွေ လမ်းကြားတွေကို ပိတ်ဆို့ထားတဲ့အတွက် ဆန္ဒပြ ပြည်သူတွေ ပိတ်မိနေတာဖြစ်ပါတယ်။