ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ သပိတ်ကို ဖြိုခွင်းဖို့လာတဲ့ ရဲနဲ့စစ်တပ်တွေက EPC လျှပ်စစ်ရုံးဝန်ထမ်းတွေကို အကြမ်းဖက်ရိုက်နှက်ပြီး ဝန်ထမ်းတွေရဲ့ ကျောပိုးအိတ်နဲ့ ဖိနပ်ကို ယူသွားခဲ့ပါတယ်။
မတ်လ ၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်ဖြူလမ်းက သပိတ်ကို ဖြိုခွင်းဖို့လာတဲ့ ရဲတွေဟာ EPC ရုံးထဲကိုဝင်ပြီး ဝန်ထမ်းတွေကို ရိုက်နှက်ခဲ့တာပါ။
“ဝန်ထမ်းတွေက ရုံးရှေ့မှာ ထိုင်နေတယ်။ ရဲတွေရောက်လာတော့ ဆန္ဒပြနေတဲ့ ကလေးတချို့က ရုံးရှေ့လမ်းထဲ ပြေးဝင်တယ်။ ဝန်ထမ်းတွေက ရုံးထဲပြေးဝင်ပြီး တံခါးပိတ်လိုက်တယ်။ အဲဒါ ရဲ အယောက် ၂၀ လောက်က တံခါးကို အတင်းဖွင့်ခိုင်းတယ်။ ဝန်ထမ်းတွေပါလို့ ပြောတာလည်း မရဘူး။ အဲဒါနဲ့ တံခါးဖွင့်ပေးတော့ ဝန်ထမ်းတွေကို ထိုင်ထားခိုင်းပြီး ရိုက်တယ်။ လက်သီးနဲ့ထိုးတယ်။ ခြေထောက်နဲ့ ကန်တယ်” လို့ မျက်မြင်တွေ့သူတယောက်က ပြောပါတယ်။
ဝန်ထမ်းတွေထဲမှာ ယူနီဖောင်းဝတ်ထားသူတွေလည်းပါပြီး လျှပ်စစ်ဝန်ထမ်း ဦးထုပ်အဝါ ဆောင်းထားသူကို ပိုပြီး ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရိုက်ခံရသူဝန်ထမ်း ၁၀ ယောက်လောက်ရှိပြီး မြို့နယ်အင်ဂျင်နီယာ ရောက်လာချိန်မှာလည်း ရဲတွေဟာ မချေမငံပြောခဲ့တယ်လို့ ဆိုပါတယ်။
“ရဲဝတ်စုံတော့ ဝတ်ထားတာပဲ။ အားလုံးက ရဲမဖြစ်နိုင်ဘူး။ သူတို့က အပေါ်ထပ်က ရုံးခန်းတွေကိုလည်း ကန်ဖွင့်ကြတယ်။ နောက်တော့ မြို့နယ်အင်ဂျင်နီယာနဲ့ ပြောလို့ အဆင်ပြေတယ် ထင်ပါတယ်။ သူတို့မှားတာပါဆိုပြီး ပြန်ထွက်သွားတယ်” လို့ မျက်မြင်က ဆိုပါတယ်။
ရဲတွေဟာ ဝန်ထမ်းတွေရဲ့ ကျောပိုးအိတ်တွေကို ယူစစ်ပြီး ကျောပိုးအိတ် ၂ လုံးကို ယူသွားခဲ့သလို ရုံးရှေ့မှာ နေလှန်းထားတဲ့ ဘွတ်ဖိနပ်တရန်ကိုလည်း ယူသွားခဲ့ပါတယ်။