ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ အဖမ်းခံရသူတွေကို လာစောင့်နေကြသူတွေ မတ် ၈ ရက်နေ့က အများအပြားရှိနေပြီး အခုရက်ပိုင်းဖမ်းဆီးခံရသူတွေကို ပြန်မလွှတ်ပေးတော့တဲ့အတွက် မိသားစုဝင်တွေက ပိုပြီးစိုးရိမ်နေကြပါတယ်။
ထောင်ဝန်ထမ်းတချို့ဆီက ကြားရတဲ့သတင်းကတော့ ဖမ်းဆီးခံရသူတွေကို အလွယ်ပြန်လွှတ်မပေးတော့ဘဲ ပုဒ်မတပ် တရားစွဲဖို့ စစ်တပ်က စီစဉ်နေတယ်လို့ဆိုပါတယ်။
မတ်လ ၇ ရက်နေ့က ရန်ကုန်တမြို့လုံး အတိုင်းအတာနဲ့ သပိတ်မှောက်လူငယ် ရာနဲ့ချီ အဖမ်းခံထားရတာပါ။ သတင်းတွေအရ ရွှေပြည်သာတမြို့နယ်တည်းမှာတင် လူတစ်ရာကျော် အဖမ်းခံထားရပါတယ်။ အဖမ်းခံထားရသူတွေထဲမှာ အမျိုးသမီးငယ်တွေလည်း အများအပြား ပါဝင်ခဲ့ပြီး မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းကတည်းက အဖမ်းခံထားရတဲ့ ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည် တို့လည်း အင်းစိန်ထောင်ထဲ ရောက်နေတယ်လို့ ထောင်ရှေ့မှာ လာစောင့်နေတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး သပိတ်မှောက်ပြည်သူ ၃၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာလည်း သပိတ်တွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ခဲ့ပြီး ပြည်သူအများအပြားကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ တစ်ရက်ခြား တစ်သုတ်ပြန်လွှတ်ပေးခဲ့ပေမယ့် အခု ရက်ပိုင်းမှာတော့ ပြန်မလွှတ်ပေးတော့ပါဘူး။
အဖမ်းခံရသူ ထောင်နဲ့ချီရှိနိုင်တယ်လို့ခန့်မှန်းကြပေမယ့် အခုအထိ သပိတ်မှောက်ပြည်သူ ဘယ်နှယောက်ကိုဖမ်းထားပြီး ဘယ်လောက်ကိုပြန်လွှတ်ပေးတယ်ဆိုတာကို အတည်မပြုနိုင်သေး ပါဘူး။