မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို၊ ပြည်သူ့ဆေးရုံရှေ့မှာ မတ်လ ၇ ရက် ည ၈ နာရီလောက်က စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်သူတစ်ဦးကို ဖမ်းဆီးရာကနေ ဒေသခံတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် တောင်သားလူမျိုး လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
ထီးမြို့ဒေသခံ တစ်ဦးက "ညက စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါတဲ့ ကိုအောင်ကောင်းမြတ်ကို လာဖမ်းတာ။ အဲဒါကို ရပ်ကွက်က ဝိုင်းပြီးပြန်လုကြတာပေါ့။ အဲဒါကနေ လူငယ်က သေနတ်မှန် သေသွားတာ။ သူက တောင်သားလူမျိုး။ ထန်းတပင်ရွာက။ သူ့အလောင်းကိုတော့ ရွာကို သယ်ပြီးပြီ။ ဘယ်နေ့သင်္ဂြိုဟ်မယ်ဆိုတာတော့ မသိရသေးဘူး"လို့ ပြောပါတယ်။
ရဲကနေ ကျည်အစစ်နဲ့ပစ်လို့ ရင်ဘတ်ကျည်ဖောက်ထွက်ဒဏ်ရာနဲ့သေဆုံးသူတစ်ဦးအပြင် အနည်းဆုံး ၇ ဦးထက်မနည်း ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ လက်ရှိမှာ အမျိုးသမီး ၁ ဦး အပါအဝင် လူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ထီးလင်းမြို့နယ်မှာ ပထမဆုံးအကြိမ်အဖြစ် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ခံရတာလည်း ဖြစ်ပါတယ်။