မုံရွာမြို့ရဲ့ အထင်ကရ ဘုရားဖူးနယ်မြေဖြစ်တဲ့ မိုးညှင်းသမ္ဗုဒ္ဓေဘုရားမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွင်း ကျဆုံးသွားတဲ့ ပြည်သူတွေအတွက် မတ် ၆ ရက်ညက ဆီမီးထွန်း ဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။
ဆုတောင်းပွဲကို ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူ ၈၀၀ ကျော်က ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး ကျဆုံးသွားသူတွေအတွက် စစ်အာဏာရှင်ဖြုတ်ချရေးဟာ ဆုံးဖြတ်ချက် ပိုမိုခိုင်မာလာစေသလို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ဟာ ဒီတိုက်ပွဲမှာ လုံးဝကျရှုံးလို့ မရဘူး။ သေဆုံးသွားသူတွေက ကျနော်တို့ကို အသက်နဲ့ရင်းပြီး လမ်းခင်းပေးခဲ့ကြတာ။ တခါတလေ စိတ်ဓာတ်ကျစရာ တစုံတရာ ရှိလာရင်တောင်မှ သေဆုံးသွားသူတွေရဲ့ မျက်နှာတွေကို ပြန်မြင်ယောင်ပြီး စစ်အာဏာရှင်ကို အမြစ်ဖြုတ်ဖို့ ဆုံးဖြတ်က ပိုပြီးခိုင်မာလာစေတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ်လ ၆ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တပ်နဲ့ရဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးခဲ့ရသူ ၆၀ ဝန်းကျင် ရှိနေပြီဖြစ်ပြီး မုံရွာမြို့မှာလည်း မတ်လ ၃ ရက်နေ့တစ်ရက်တည်း ပစ်ခတ်နှိမ်နင်းခံရမှုအတွင်း ဒေသခံပြည်သူ ၈ ဦး သေဆုံးခဲ့ရပါတယ်။