ပခုက္ကူမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲတွေကို မတ် ၅ ရက်နေ့ညက စတင်ပြီး ညသပိတ်အဖြစ် ပြုလုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညသပိတ်ကို ၈ နာရီ သံပုံးတီးပြီးကြတဲ့အချိန် ၈ နာရီ ၁၅ မိနစ်လောက် ကိုယ့်အိမ်ရှေ့မှာ ကိုယ်စီထွက်ပြီး ကြွေးကြော် ဆန္ဒဖော်ထုတ်ကြတာလို့ သိရပါတယ်။
“ဦးဆောင်သူတွေက ဗျူဟာတော့ ပြောင်းထားတယ်။ ၈ နာရီ ၁၅ သံပုံးတီးပြီးတဲ့အချိန် အခြေအနေပေါ် မူတည်ပြီး မိမိတို့ အိမ်ထဲကနေပြီးတော့လည်း မိမိတို့တောင်းဆိုချက်တွေကို အော်ဟစ်ကြွေးကြော်ပြီးတော့ ဆန္ဒပြလို့ရတယ်။ ကိုယ့်အိမ်ရှေ့ကိုယ်ထွက်ပြီးတော့ အနေအထားပေါ် မူတည်ပြီးတော့ ကြွေးကြော်ကြတဲ့ အနေအထားပေါ့။ ဒါကတော့ အသစ်လုပ်ထားတဲ့ ညသပိတ်ပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပခုက္ကူမြို့မှာ ၁၅ ရပ်ကွက်ရှိပြီး စတင်ပြုလုပ်တဲ့ မတ်လ ၅ ရက်နေ့ညက ၁၀ ရပ်ကွက်လောက်က ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
“ရပ်ကွက်အနေအထားမှာဆိုရင် မြို့ပေါ် ၁၅ ရပ်ကွက်ရှိတဲ့အထဲမှာ ၁၀ ရပ်ကွက်လောက်ကတော့ ပါတယ်။ ကျန်တဲ့ ၅ ရပ်ကွက်လောက်ကတော့ ဒီ အခြေအနေပေါ် မူတည်ပြီးတော့ သူတို့လုံခြုံရေးယူထားကြတဲ့ အနေအထားမျိုးဆိုရင် အော်လို့ အဆင်မပြေကြတာမျိုးတွေလည်း ရှိတာပေါ့” လို့ ညသပိတ်မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
ပခုက္ကူမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၈ ရက်နေ့က လူအင်အားအများအပြားနဲ့ စတင်ပြုလုပ်ခဲ့ကြပြီး မတ် ၆ ရက်နေ့မှာတော့ ၂၇ ရက်နေ့မြောက်ခဲ့ပြီဖြစ်ပါတယ်။