ကယားပြည်နယ်မှာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ၁၃၀ ရှိပြီဖြစ်ကြောင်း ကယားပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကော်မတီက မတ်လ ၅ ရက်နေ့ ချီတက်ဆန္ဒထုတ်ဖော်နေစဉ် ပြောဆိုသွားပါတယ်။
“ CDM မှာ ပူးပေါင်းပါဝင်လာတဲ့ ရဲဝန်ထမ်းအင်အား ၁၃၀ ရှိပါပြီ။ ရဲအင်အား ၁၂၀ ဟာဆိုလို့ရှိရင် ဒေသခံ ပြည်သူ့ရဲတွေဖြစ်ပြီးတော့မှ ၁၀ ယောက်တော့ လောလောလတ်လတ်ရောက်လာတဲ့ အယောက် ၁၀၀ ထဲက ၁၀ ယောက်က ပြည်သူနဲ့တသားထဲရှိနေတာကို ပြဖို့အတွက်ကို သူတို့ရဲ့ဒေသကို ပြန်သွားပါပြီဖြစ်ပါတယ်။ CDM မှာ ပူးပေါင်း ပူးပေါင်းပါဝင်တဲ့ ရဲ အယောက် ၁၃၀ ဖြစ်ပါတယ်။”
အလားတူ လွိုင်ကော်နဲ့ ဒီးမော့ဆိုမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲ ၄ ဦးဟာလည်း ဒီကနေ့ မတ်လ ၅ ရက်နေ့မှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာလို့လည်း ဆိုပါတယ်။
“ဒီကနေ့ မနက်မှာ ကျမတို့ ပြည်ထဲရေးအောက်မှာရှိတဲ့ ယာဉ်ထိန်းရဲ ဒီးမော့ဆို ၂ ယောက်နဲ့ လွိုင်ကော် ၂ ယောက်၊ ၄ ယောက်တိတိလည်း CDM မှာ ထပ်ပြီး ပူးပေါင်းပါဝင်လာတာဖြစ်ပါတယ်။
မတ်လ ၄ ရက်နေ့က ကယားပြည်နယ်မှာ CDM ဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ဝန်ထမ်း ၉ ဦးအထိရှိပါတယ်။ ကယားပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစပြီး CDMမှာ ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။
ကယားမှာ CDM ပါဝင်တဲ့ ရဲတပ်ဖွဲ့ ၁၃၀ ရှိတဲ့အတွက် တိုင်းနဲ့ပြည်နယ်တွေမှာ ကယားက ရဲတပ်ဖွဲ့ CDMပါဝင်မှု အများဆုံး ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်နယ်ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်း ၃၀၀၀ ကျော်လည်း CDM မှာ ပူးပေါင်းပါဝင်ကြောင်းလည်း ကယားပြည်နယ် သပိတ်ကော်မီတီက ပြောပါတယ်။