မွန်ပြည်နယ်၊ ပေါင်မြို့နယ်ထဲက ကရင်တိုင်းရင်းတွေအများဆုံးနေထိုင်တဲ့ မှော်ဘီကျေးရွာမှာ တပ်မတော်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မတ်လ ၄ ရက်နေ့ မနက်ပိုင်းက ခမောက်ပြာတော်လှန်ရေး သပိတ်စစ်ကြောင်းနဲ့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက "အပြာရောင်ဆိုတာက ငြိမ်းချမ်းရေးအရောင်ဘဲလေ။ ကျနော်တို့တွေက ငြိမ်းချမ်းရေးကိုလိုချင်လို့ အခုလိုတိုက်ပွဲဝင်နေကြတာပါ။ အဓိကကတော့ မတရားအာဏာသိမ်းထားတဲ့ စစ်အစိုးရကိုတော်လှန်ပြီး ပြည်သူတွေလိုလားတဲ့ ပြည်သူ့အစိုးရကို ပြန်ရဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ချင်လို့ အခုလိုဆန္ဒပြနေရခြင်းဖြစ်ပါတယ်" လို့ DVB ကိုပြောပါတယ်။
တပ်မတော်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ခမောက်ပြာတော်လှန်ရေး သပိတ်စစ်ကြောင်းကို ကရင်၊ ပအိုဝ်း၊ မွန် စတဲ့တိုင်းရင်းသား ၂၀၀ ကျော်က မှော်ဘီကျေးရွာကနေ နတ်မှော်ကျေးရွာအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။