မန္တလေးတိုင်း အခြေခံပညာအဆင့် ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ကြဖို့ ပညာရေးဌာနအတွင်း လျှို့ဝှက်စာ ထွက်ပြီး ဖိအားပေးခံနေရတယ်လို့ အခြေခံပညာ ဆရာ/ဆရာမတွေက ပြောပါတယ်။
မတ် ၁ ရက်ကစပြီး လုပ်ငန်းခွင်ဝင်ရောက်ဖို့ ပျက်ကွက်နေကြတဲ့ ပညာရေးဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကြဖို့၊ မတ် ၄ ရက်အထိ လုပ်ငန်းခွင် မရောက်ပါက ထပ်မံဆက်သွယ် အကြောင်းကြားမှာဖြစ်ပြီး မတ် ၁၅ ရက်အထိ နောက်ဆုံးထားကာ လုပ်ငန်းခွင် ဝင်ရောက်ကြဖို့ အသိပေးအကြောင်းကြားမယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးရဲ့ စာမှာ ဖော်ပြထားပါတယ်။
မတ် ၁၆ ရက်နေ့အထိ လုပ်ငန်းခွင် ဝင်ရောက်ခြင်းမရှိပါက ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး မတ်လ ၁၉ ရက်နေ့မှာ ဌာနဆိုင်ရာ စစ်ဆေးမှု ဆောင်ရွက်မယ်လို့ သိရပါတယ်။
မတ်လ ၂၃ ရက်မှာတော့ ဌာနဆိုင်ရာ စစ်ဆေးမှူးတွေကို ဌာနအဆင့်ဆင့် ပြန်လည် တင်ပြရမယ်လို့ သိရပါတယ်။
ပညာရေးဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်ကြဖို့ အသိပေးပြီးတဲ့ နောက်မှာ နှစ်ရက်အတွင်း တက်ရောက်ခြင်း မရှိခဲ့ပါက စာနဲ့ သတိပေးဖို့၊ ငါးရက်အတွင်း အလုပ်မဝင်ပါက နှစ်တိုး ရပ်ဆိုင်းဖို့၊ ၁၀ ရက်အတွင်း အလုပ်မဝင်ပါက လစာနှုန်းအတွင်းကနေ လစာလျှော့ဖို့၊ ၁၄ ရက်အတွင်း အလုပ်မဝင်ပါက အလှည့်ကျ ရာထူးတိုး ရပ်ဆိုင်းဖို့ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှုမှာ ၁၄ ရက်အထက် ပါဝင်သူတွေကို ရာထူးအဆင့် လျှော့ချဖို့၊ စစ်အာဏာရှင် တော်လှန်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါက ရာထူးကနေ ထုတ်ပယ်မှာ ဖြစ်တဲ့အပြင် လှုပ်ရှားမှုမှာ ခေါင်းဆောင်ပြီး တခြားသူတွေကိုပါ လှုံ့ဆော်ပါက ဝန်ထမ်း အဖြစ်ကနေ ထုတ်ပယ်ဖို့ ညွှန်ကြားထားပါတယ်။