ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီမနက်ပိုင်းက စလို့ မြောက်ဥက္ကလာပ (ဃ) ဈေးနားမှာ ဆန္ဒပြနေသူတွေ စုရုံးနေချိန် ရဲနဲ့ စစ်တပ်က ရောက်ရှိ ပိတ်ဆို့ထားခဲ့တာပါ။
“အစက ရဲက ၃၀ ပဲ ရှိတယ်။ ၁၁ နာရီကျော်လောက်မှာ ရဲတွေက အင်အားထပ်တိုးတယ်။ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တယ်။ သေနတ်နဲ့လည်း ပစ်တယ်။ ရှေ့မှာ ယောက်ျားလေးတွေက နေရာယူထားတော့ သူတို့အင်အားကို သေချာမသိရဘူး။ ညီမ သိသလောက် မိန်းကလေးတွေ အပါအဝင် ဒဏ်ရာရသူ ၇ ယောက်လောက်ရှိတယ်”လို့ တိမ်းရှောင်ရင်း အိမ်ကိုပြန်ခဲ့သူ တယောက်က ပြောပါတယ်။
ဆန္ဒပြသူတွေကို လမ်းထဲကို တိမ်းရှောင်ကြတဲ့အခါ လမ်းထဲက အိမ်တွေကို သေနတ်နဲ့ပစ်ပြီး လူတွေကို ထုတ်ပေးဖို့ ခြိမ်းခြောက်တယ်လို့လည်း ပြောပါတယ်။
လုံခြုံရေး ကင်မရာမှတ်တမ်းတခုမှာတော့ ရဲတွေဟာ လူမှုကူညီရေးအသင်းတခုရဲ့ လူနာတင်ကားကိုလည်း ရိုက်နှက်ဖျက်ဆီးပြီး ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေကို ခြေထောက်နဲ့ ခေါင်းကို ကန်တာ၊ တုတ်တွေနဲ့ ရိုက်တာ၊ သေနတ်နဲ့ ရိုက်တာကို တွေ့ရပါတယ်။
“အိန္ဒြာလမ်းမှာ လူနာတင်ကားကို ရဲတွေက ဝိုင်းရိုက်တယ်။ အိမ်စီးကားတစီးကိုလည်း ရိုက်တယ်။ ပြီးတော့ လိမ္မော်ရောင်ဝတ်စုံ ဝတ်ထားသူတွေကို ရဲတွေက ခြေထောက်နဲ့ ကန်၊ ရိုက်နေတာ တွေ့တယ်။ ဆန္ဒပြသူတွေထဲက ဒဏ်ရာရသူ ၃ ယောက် တွေ့တယ်။ ကျဆုံးတာ ၃ ယောက်ပါ။ သူတို့က ကျည်အစစ်တွေနဲ့ ပစ်တာ။ ဒဏ်ရာရသူတွေကို ဆေးကုခွင့်မပေးဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် (ဃ) ဈေးနားက သန္တာလမ်းထဲမှာတော့ လမ်းပေါ်မှာ သွားလာနေသူတွေကိုလည်း ဖမ်းဆီးထားတယ်လို့ အဲဒီနေရာမှာ ရှိနေသူက ပြောပါတယ်။
လက်ရှိ ညနေ ၄ နာရီခွဲအချိန်ထိ ဆန္ဒပြနေသူတွေ ရှိနေသေးသလို ဆက်လက် ပစ်ခတ်နေတာကြောင့် သေဆုံး ဒဏ်ရာရသူ အရေအတွက် အတိအကျ မသိရသေးပါဘူး။
အဲဒီနေရာဝန်းကျင်က လမ်းတွေအားလုံးကိုလည်း ရဲနဲ့ စစ်တပ်က ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။