မကွေးမြို့မှာ မတ်လ ၃ ရက် မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပြီး အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းတာတွေ ပြုလုပ်နေပါတယ်။
မကွေးမြို့ သစ္စာလမ်းနဲ့ မဲထီးလမ်းတွေမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာကြောင့် ၂ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိတဲ့သူတွေကိုတော့ လူမှုကူညီရေးအသင်းတွေနဲ့ Emergency Medical Team က ဆရာဝန်တွေက အရေးပေါ် ကူညီကုသပေးခဲ့ပါတယ်။
ရပ်ကွက်လမ်းကြားတွေထဲ အထိ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖမ်းဆီးနေတာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက လူငယ် ၁၄ ယောက်လောက် အဖမ်းခံရတယ်လို့ သိရပြီး ဖမ်းဆီးခံရသူ အရေတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။