ပခုက္ကူခရိုင် ရေစကြိုမြို့မှာ မတ်လ ၂ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒထုတ်ဖော် သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲက စတင်အင်အားသုံး ဖြိုခွင်း လူစုခွဲခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က စတင်ပြီး သပိတ်စစ်ကြောင်းတွေကို အင်အားသုံး တားဆီးပိတ်ဆို့တာတွေရှိခဲ့ပြီး မတ်လ ၂ ရက်နေ့မှာတော့ အသံဗုံးပစ်ဖောက် ပြီး လူစုခွဲခဲ့တာဖြစ် ပါတယ်။
"သေနတ် ငါးချက်ဖောက်တာဗျ၊ အဓိက ကတော့ လူစုခွဲခိုင်းပြီးတော့ ပစ်တယ်ပေါ့နော် နောက်က ရဲရော စစ်ကားရော အချုပ်ကားတွေရော လိုက်တယ်ပေါ့နော်၊ တစ်ယောက်တော့ဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ ပြန်ပြီးတော့ လွတ်လာတယ်ပေါ့နော်။ ပြန်တောင်းကြတော့ ပြန်လွတ်လာတယ်။ ကျနော်တို့ဘက်ကလူတွေကလည်း ဒီဘက်က ရှေ့ဆက်ပြီးတော့ ထွက်ဖို့ရှိတယ် တဖက်က ပိုပြီးတော့ ဖြိုခွင်းလာဖို့တော့ရှိတယ်လို့ ထင်တယ်ပေါ့နော်။ အခုလည်း စပြီးတော့ဖြိုခွင်းလာပြီပေါ့”။ လို့ ဆန္ဒထုတ်ဖော်မှုမှာ ဦးဆောင် ပါဝင်သူတစ်ဦးကပြောပါတယ်။
အင်အားသုံးဖြိုခွင်းခံရမှုတွေရှိပေမယ့်လည်း အင်အား ၄၀၀၀ လောက်အထိ ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။ ဖြိုခွင်းခံရမှုတွေ ရှိတာကြောင့် ဆန္ဒထုတ်ဖော်မှုကို လမ်းကြောင်းလွှဲကာ ပြုလုပ်ခဲ့ကြပြီး မြို့ပေါ်လမ်း တချို့မှာပဲ ဖော်ထုတ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
ရေစကြိုမှာ လူအင်အားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုကို ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက စတင်ခဲ့ပြီး မတ်လ ၂ရက်နေ့မှာတော့ ၂၄ရက်မြောက်နေ့ဖြစ်ပါတယ်။