ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ကမ်းနားလမ်းမှာ မတ်လ ၁ ရက်နေ့က အာဏာဖီဆန် CDM ထိုင်သပိတ် ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့က လာရောက်လူစုခွဲခဲ့ပါတယ်။
ဗန်းမော်တက္ကသိုလ် ကျောင်းပေါင်းစုံမှ ကျောင်းသားတွေ၊ မိုးမောက်မြို့မှ လူငယ်တွေ၊ ဗန်းမော်လူငယ်တွေက နွေဦးတော်လှန်ရေး ထိုင်သပိတ်လုပ်ဖို့ လူစုနေစဉ် ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လူစုခွဲပေးဖို့ ပြောခဲ့ရာမှာ လူငယ်တွေက အချိန်တစ်ခုပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အဆင်မပြေခဲ့ဘဲ လူစုခွဲခံခဲ့ရပါတယ်။
ဆက်လက်ပြီး လူငယ်တွေက CDM သံချပ်နဲ့ CDM မှာ ပါဝင်ဖို့ နှိုးဆော်ဟစ်ကြွေးရာ အသံချဲ့စက် အသုံးမပြုဖို့ ရဲက တားမြစ်ခဲ့တာကြောင့် ယုံကြည်ရာသီချင်းကို ကချင်လူငယ်များ တေးဂီတအဖွဲ့နဲ့အတူ သံပြိုင်ဟစ်ကြွေးခဲ့ကြပါတယ်။
ဒီနောက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသူတွေအတွက် တစ်မိနစ်ခန့် ငြိမ်သက်ကာ အပြာရောင်တေးသံစဉ်နဲ့ တယောထိုးကာ လူစုခွဲခဲ့ကြပြီး လူထုတွေက လက်ခုပ်တီးကာ အားပေးခဲ့ကြပါတယ်။