နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို မတ်လ ၁ ရက်နေ့က ဒုတိယအကြိမ် အွန်လိုင်းမှ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ပုဒ်မ ၂ ခု ထပ်တိုးခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသဲမောင်မောင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အရင်က ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးစီမံ အက်ဥပဒေတို့နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး မတ်လ ၁ ရက်နေ့ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နဲ့ ထပ်မံပြီး တရားစွဲဆိုခဲ့တာပါ။
ဆက်သွယ်ရေးပုဒ်မ ၆၇ နဲ့တရားစွဲဆိုရတာဟာ ပို့ကုန်သွင်းကုန်နဲ့အမှုဖွင့်ထားတဲ့ တရားမဝင်ဆက်သွယ်ရေးပစ္စည်းတွေကို သုံးစွဲတာကြောင့်ဖြစ်တယ်လို့ဆိုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲတာကတော့ CRPH က ထုတ်ပြန်တဲ့စာတွေဟာ နိုင်ငံကို မတည်ငြိမ်မှုတွေ ဖြစ်စေတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
ပုဒ်မ ၅၀၅(ခ) နဲ့ ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကို စွဲတာမဟုတ်ဘဲ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကိုလည်း ပုဒ်မ ၅၀၅(ခ) နဲ့ ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။