ရဲနဲ့ စစ်တပ်တို့ရဲ့ ဝိုင်းဝန်းပိတ်ဆို့တားဆီးမှုတွေကြောင့် မုံရွာလူထုတိုက်ပွဲ ပင်မသပိတ်စစ်ကြောင်းကို ပြောက်ကျားစနစ်အသုံးပြုကာ ဆက်လက်ချီတက်ခဲ့ကြပါတယ်။
လက်နက်ကိုင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံတာမျိုးမဟုတ်ဘဲ ရှောင်ကွင်းကာ အေးချမ်းစွာနဲ့ ချီတက်လှည့်လည်ခဲ့ကြပြီး မနက် ၁၁ နာရီအချိန်မှာ လူစုခွဲခဲ့ကြတာပါ။
သပိတ်စစ်ကြောင်းဘက်ကို ရဲ၊ စစ်ကားတွေ မလာနိုင်အောင်လည်း ရပ်ကွက်နေ ပြည်သူတွေက ရရာပစ္စည်းတွေနဲ့ လမ်းတွေကို ပိတ်ဆို့တားဆီးပေးခဲ့ကြပါတယ်။ နောက်နေ့တွေမှာလည်း ဆက်လက် ဆန္ဒပြကြဦးမှာဖြစ်ပါတယ်။
မုံရွာမြို့ သာစည်လမ်းမှာတော့ ရဲနဲ့ စစ်တပ်တို့က မြင်သမျှ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ကြပြီး မုန့်နဲ့ စားစရာတွေကိုလည်း လုယူသွားခဲ့ကြတယ်လို့ လမ်းဘေးနေ ပြည်သူတွေက ပြောပါတယ်။
ဒါ့အပြင် မုံရွာဂေဇက်သတင်းဌာနက သတင်းရယူနေတဲ့ ဓာတ်ပုံသတင်းထောက်တစ်ဦးလည်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး ဘယ်ကိုခေါ်ဆောင်သွားမှန်း မသိရသေးပါဘူး။
ကျောက္ကာလမ်း ဇောတိကဘုန်းကြီးကျောင်းရှေ့မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး (မုံရွာ)ရဲ့ ကျန်းမာရေးကား ၃ စီးနဲ့ လူ ၈ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညဦးပိုင်းကလည်း ဒေဝဂတိ၊ သုခဟိတ၊ ရာသက်ပန်တို့က လူမှုကူညီရေးကား စုစုပေါင်း ၅ စီးနဲ့ လူအယောက် ၂၀ ကို ဖမ်းဆီးထားတာ အခုထိ ပြန်မလွှတ်ပေးသေးပါဘူး။