ရန်ကုန်မြို့မှာ ရဲနဲ့စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ဒီနေ့မနက် အင်းစိန်ထောင်ရှေ့မှာ လာရောက် စောင့်ဆိုင်းနေတဲ့ မိသားစုဝင်အရေအတွက်ဟာ အရင်နေ့က ထက်ပိုမိုများပြားလာပြီး ရာနဲ့ချီရှိနေပါတယ်။
အင်းစိန်ထောင်မှာ အဖမ်းခံထားရတဲ့ သပိတ်မှောက်ပြည်သူတွေကို စတင်ဖမ်းဆီးခဲ့တဲ့ မြို့နယ် နယ်မြေရဲစခန်းကို အကျဉ်းဦးစီးက ပြန်ပို့မယ်လို့ အကျိုးဆောင်ရှေ့နေတွေကပြောပါတယ်။
သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာမိသားစုဝင်တွေက ပြန်လည်ထုတ်ယူရမယ်လို့ အကျဉ်း ဦးစီးဌာနက ဆိုပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အဖမ်းခံရသူအနည်းအကျဉ်းပဲ ပြန်လွတ်လာတဲ့အတွက် မိသားစုဝင် အများအပြား ထောင်ရှေ့မှာ လာရောက်စောင့်ဆိုင်းနေကြတာပါ။
ဖေဖော်ဝါရီ ၂၇ ရက်နေ့က သပိတ်မှောက်ပြည်သူ ၃၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သလို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ခဲ့ပြီး ပြည်သူအများအပြားကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။
အခုအထိ သပိတ်မှောက်ပြည်သူ အရေအတွက် ဘယ်လောက်ကို ဖမ်းဆီးထားပြီး ဘယ်လောက်ပြန်လွှတ်ပေးတယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။
အဖမ်းခံရသူအများစုဟာ ကမာရွတ်၊ လှိုင်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ အလုံ၊ သဃန်းကျွန်း မြို့နယ်သပိတ်တွေမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။