မန္တလေးမြို့၊ ၆၂ လမ်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့ လူစုနေတဲ့ သပိတ်စစ်ကြောင်းတွေကို ဝင်တိုက်ဖို့ ကြိုးစားတဲ့ ရဲကားကို ပြည်သူတွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မန္တလေး အခြေစိုက် ဒီဗွီဘီသတင်းထောက်က “မနက်ခင်းပိုင်းက ခုတင် ၃၀၀ ဆေးရုံးနားမှာ တိုက်ဖို့ ကြိုးစားပြီး မောင်းပြေးသွားတယ်။ လေးငါးပြလောက် အရောက်မှာ ဆန္ဒပြလူထုက ဝိုင်းဝန်းဖမ်းဆီးခဲ့တာ။ ရဲ ၅ ယောက်ပါတယ်။ ယူနီဖောင်းအပြည်နဲ့။ လက်နက်တွေလည်း ပါတယ်။ လူထုကို တိုက်ဖို့လုပ်တာ” လို့ ပြောပါတယ်။
လက်ရှိမှာ ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးထားတဲ့ ရဲကားနဲ့ ရဲသားတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြန်ယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို ရဲနဲ့စစ်တပ်က သေနတ်နဲ့ ပစ်ခတ်လူစုခွဲနေတယ်လို့ သတင်းထောက်က ပြောပါတယ်။
ဓာတ်ပုံ - ထိန်ထိန်လင်း