ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံနေရတဲ့ စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်နဲ့ ဥက္ကဌဟောင်း ဦးစန်းငွေ အပါအဝင် ၄ ဦးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)နဲ့ စွဲချက်တင်အမိန့်ချမှတ်လိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေဒေါ်သင်္ဂီမောင်က ပြောပါတယ်။
“ဒီနေ့ သူတို့ကို စွဲထားတဲ့ပုဒ်မ-၅၂(က)နဲ့ စွဲချက်တင်ဖြေရှင်းဖို့အတွက် တရားရုံးက အမိန့်ချလိုက်တယ်။ အဲဒါကြောင်မို့လို့ နောက် ၁ ပတ် ၃ ရက်နေ့ကို ရုံးချိန်းထားတာပေါ့နော်။ သူတို့ ၄ ယောက်ထဲမှာ ၂ ယောက်ကို အရင်စစ်မှာပေါ့။ နောက်အပတ်တွေကျတော့မှ ကိုယ့်ဘက်က သက်သေတွေ စစ်မယ်၊ စစ်ပြီးတော့မှ အပြီးသတ်အမိန့်ချမှာပေါ့။ ရုံးချိန်းကတော့ အကြိမ် ၂၀ လောက်တော့ရှိတော့မယ်၊ သူတို့က ၂၀၂၁၊ ၅ လပိုင်း ဆိုရင် ၁ နှစ်ပြည့်ပါပြီ” လို့ ပြောပါတယ်။
တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်၊ စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေ၊ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီက ဒုဥက္ကဋ္ဌ ဦးဝေသောင်းနဲ့ လူမှုရေးတွေမှာ တက်ကြွစွာပါဝင်လုပ်ကိုင်နေတဲ့ ဦးစည်သူကျော်ဇံတို ၄ ဦးကို စစ်တွေမြို့ အထူးသတင်းရဲတပ်ဖွဲ့မှ ရဲမှူးဇော်မြင့်ထွန်းက တောင်ကုတ်မြို့မရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(က)၊၅၂(က) တို့နဲ့ တရားလိုပြု အမှုဖွင့်လှစ်ခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစတင်ပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော်တို့ တိုက်ပဲဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်သံသယနဲ့ ဖမ်းဆီးကာ တရားစွဲခံထားရသူ ၂၀၂၀ ပြည့်နှစ် သြဂုတ်လထိ ၂၇၆ ဦး ရှိတယ်လို့ သဇင်ဥပဒေအထောက်အကူပြုရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။
နောင်နောင်