ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ရုံးရှေ့၊ ရွှေဘဲစားသောက်ဆိုင်အနီးမှာ ဒဂုံတက္ကသိုလ်ကျောင်းသားတွေထောင်နဲ့ချီစုဝေးပြီး အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဒီနေ့မနက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။
ဒါပေမယ့် အဲ့ဒီသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်တွေဟာ တားဆီးခဲ့တဲ့အတွက် ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်း ခေတ္တရပ်တန့်ခဲ့ပါတယ်။
ဒါပေမဲ့ ကျောင်းသားတွေဟာ ICRC ရုံးရှေ့ကနေ မြေနီကုန်းထိ သပိတ်စစ်ကြောင်းချီတတ်သွားဖို့ ဦးတည်နေတယ်လို့ သိရပါတယ်။
အလားတူ လှည်းတန်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ထိုင်သပိတ်ဆင်နွဲ့နေတဲ့ ဆန္ဒပြ ပြည်သူတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ရိုက်နှက်လူစုခွဲတာ တွေရှိတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
ရဲကားတွေ အချုပ်ကားတွေ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအများအပြားက တံတားအောက် ထိုင်သပိတ်ဆင်နွှဲနေတဲ့ တဖက်ခြမ်းမှာ နေရာယူထားတာတွေ့ရပါတယ်။
ဒီနေ့မနက် ၁၁ နာရီလောက်ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး မြေနီကုန်းတံတားအောက်မှာ ဆန္ဒပြနေတဲ့ ကျောင်းသားပြည်သူတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံး အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့ UN ရုံးဝန်းကျင်မှာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့ပြည်သူတွေကို ၁၂ နာရီဝန်းကျင်မှာ လက်နက်အပြည့်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အတင်းအကြပ်လူစုခွဲခိုင်းနေပါတယ်။