ပဲခူးတိုင်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ စစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအများစုကို အလိုမရှိတဲ့အတွက် ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေကလည်း အင်ကြင်းကုန်းအုပ်စုက ရွာသူ၊ ရွာသားတွေစုပေါင်းပြီး စစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအသစ် အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြနေကြပါတယ်။
ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့ အုပ်ချုပ်ရေးမှူး မဟုတ်တဲ့အတွက် အခုလို ဆန္ဒပြရတာဖြစ်ပြီး အခုခန့်အပ်ခံသူမှ မဟုတ်ဘဲ ဘယ်သူ့ဖြစ်ဖြစ် လက်မခံဘဲ ဆန္ဒထုတ်ဖော်သွားမယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
တချို့ ရပ်ကွက်၊ ကျေးရွာတွေမှာတော့ ဒေသခံပြည်သူ့လူထုက လက်မခံတဲ့အတွက် နုတ်ထွက်သွားတဲ့ စစ်ကောင်စီကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရှိပါတယ်။
စစ်ကောင်စီက ခံအပ်တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကိုအလိုမရှိဘဲ CRPH က ညွှန်ကြားထားတဲ့ အတိုင်း ကြားဖြတ်အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းပြီး အုပ်ချုပ်သွားမယ်လို့ အုတ်တွင်းအုပ်စု ဆန္ဒပြပွဲမှာ ပါဝင်လာတဲ့ ဦးအေးမြင့်က ပြောပါတယ်။
မင်းလှမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က သက်တမ်းပြည့်သွားတဲ့အတွက် စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအသစ်တွေ ခန့်အပ်လိုက်ပါတယ်။ စစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေက တာဝန်ကိုလက်မခံဘဲ နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူး အနည်းဆုံး ၁၀ ဦးလောက်ရှိပြီလို့ သိရပါတယ်။
တချို့ရပ်ကွက်တွေကတော့ CRPH က ညွှန်ကြားထားတဲ့အတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တွေ ဖွဲ့ထားကြပြီ ဖြစ်ပါတယ်။