စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသားလူငယ်တွေ၊ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေ ပြည်သူတွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် မှာတော့ မြန်မာ့သနပ်ခါးတိုက်ပွဲလို့ အမည်ပေးထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။
ရန်ကုန်မြို့ မြေနီကုန်းတံတားအောက်မှာ ဆန္ဒပြသူတွေက မျက်နှာပြင်ပေါ်မှာ သနပ်ခါးတွေ လိမ်းထားပြီး ဆန္ဒထုတ်ဖော်နေကြသလို အဲ့ဒီနေရာကို ရောက်လာကြတဲ့ ဆန္ဒပြနေသူတွေကို သနပ်ခါးလိမ်းပေးနေကြတာကိုလည်း တွေ့ရပါတယ်။
မြန်မာ့သနပ်ခါးတိုက်ပွဲကို ဆင်နွှဲရတာဟာ အာဏာရှင်ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတာကာက အသိအမှတ်ပြုစေချင်တာကြောင့်လို့ လူငယ်တွေက ဆိုပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေ နေ့စဉ်စုရုံး တောင်းဆိုရာနေရာတွေဖြစ်တဲ့ အမေရိကန်သံရုံး၊ တရုတ်သံရုံး၊ အင်ဒိုနီးရှားသံရုံး၊ ဂျပန်သံရုံးနဲ့ ယူအန်ရုံးရှေ့ကလမ်းတွေမှာတော့ လမ်းတွေပိတ်ထားပြီး ရဲတပ်ဖွဲ့က လုံခြုံရေးယူထားပါတယ်။
လှည်းတန်းလမ်းဆုံမှာလည်း ဆန္ဒပြနေသူတွေစုံရုံးပြီး အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။ အင်ဒိုနီးရှာသံရုံးရှေ့ကိုတော့ ဆန္ဒပြတောင်းဆိုတဲ့သူတွေဟာ မနက်အေစောပိုင်းတွေကရောက်ရှိနေကြပါတယ်။