မန္တလေးမြို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဝေယံထွန်းရဲ့ ရက်လည်ဆွမ်းကျွေးကို ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။
ရက်လည်ဆွမ်းကျွေးကို အမရပူရမြို့နယ် စာတိုးကျေးရွာအုပ်စု မြို့ပြင်ကြီးကျေးရွာမှာရှိတဲ့ သူ့နေအိမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေအများအပြား လာရောက်ခဲ့ကြကာ အလှူငွေ ထည့်ဝင်ခဲ့ကြပါတယ်။
မောင်ဝေယံထွန်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရွာက သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး သူ့အတွက် အုတ်ဂူနဲ့ ဗိမာန်ဆောက်ပေးဖို့ လုပ်ဆောင်နေကြပါတယ်။
မောင်ဝေယံထွန်းနဲ့အတူ သေနတ်မှန်သေဆုံးခဲ့တဲ့ ကိုသက်နိုင်ဝင်း(ခ)ကိုမင်း ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက် နေ့လယ်ပိုင်းက အေးရိပ်ငြိမ်သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
နိုင်လင်းဦး