စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုအတွင်း ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ကြသူတွေအတွက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့မှာ ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းက ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဖမ်းဆီးခံနေရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ ပြည်သူတွေ ပြန်လည်လွတ်မြောက်ဖို့နဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားသူတွေအတွက် ဆီမီးထွန်းဆုတောင်းပွဲကို မုံရွာမြို့နယ် မအူကြီးကျေးရွာမှာရှိတဲ့ သမိုင်းဝင် ဖူးမစဲဘုရားမှာ မနေ့ညက ပြုလုပ်ခဲ့ကြပါတယ်။
အကြမ်းဖက်ပစ်ခတ်ခံရလို့ သေဆုံးသွားသူတွေအတွက် များစွာပူဆွေးရသလို သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူကြေကွဲဝမ်းနည်းရတယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
“ကိုယ်ချင်းစာစိတ်တစက်မရှိပဲ လူမဆန်အောင် ရက်စက်ကြတယ်။ တချိန်မှာ ဒီလုပ်ရပ်တွေအတွက် သူတို့အနေနဲ့ တာဝန်ယူဖြေရှင်းရမှာပါ။ သေဆုံးသွားသူတွေအတွက် ကျနော်တို့တတွေက စိတ်မကောင်းကြီးစွာ ဖြစ်ရတယ်။ သက်ဆိုင်သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူခံစားကြရတယ်ဆိုတာ ပြောပြချင်တယ်။ နောက်ပြီး စစ်ခေါင်းဆောင်တွေအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ အမေစုအပါအဝင် အားလုံးကိုလည်း ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှာလည်း မြို့ခံပြည်သူတွေက စစ်အာဏာရှင်ကျရှုံးရေး ထိုင်သပိတ်ပြုလုပ်ပြီး ရှစ်မျက်နှာဘုရားမှာ ပဋ္ဌာန်းတော်ရွတ်ဆို ဆုတောင်းပြုပွဲ လုပ်ခဲ့ကြပါတယ်။
“စစ်အာဏာရှင်စနစ်မှ မတရားသိမ်းပိုက်၍ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်၊ အမေစုနဲ့ ဖမ်းဆီးချုပ်နှောင်ထားသူများအား ပြည်သူအပေါင်းမှ လွတ်မြောက်ရန်စစ်အာဏာရှင်စနစ် လက်ငင်း ကျရှုံးရန် ဆန္ဒရှိကြပါသည်။ ဤဆန္ဒရှိခြင်းသည် မှန်ကန်စစ်မှန်သော ဆန္ဒဖြစ်ပါသည်။ ဤစကားတို့သည် မှန်ကန်သောသစ္စာစကားများဖြစ်ပါသည်။ ဤမှန်ကန်သောသစ္စာစကားကြောင့် ၎င်းရွတ်ဆို ရသော ပဋ္ဌာန်းတော်၏တန်ခိုးတော်ကြောင့် ၎င်းစစ်အာဏာရှင် အမြန်ဆုံးကျရှုံးပါစေ၊ အမေစု အမြန်ဆုံး လွတ်မြောက်ပါစေ၊ သမ္မတကြီးဦးဝင်းမြင့် အမြန်ဆုံးလွတ်မြောက်ပါစေ” လို့ ဆုတောင်း ရွတ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မြစ်ခြေမြို့က စစ်အာဏာရှင်ကျရှုံးရေး ဆုတောင်းပွဲကို မြို့နေပြည်သူ ၃၀၀ လောက်က ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
အလားတူ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာလည်း ထူးကြီးမြို့က လူငယ်တွေဟာ မနေ့ ညပိုင်းက မဟာသီဝံစေတီတော်ခြေရင်းကို သွားရောက်ပြီး ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူတွေအတွက် ဆုတောင်းမေတ္တာပို့တာနဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် သီချင်းသီဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ သေနတ်ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့လို့ နေပြည်တော်မှာ ၁ ဦးနဲ့ မန္တလေးမှာ ၂ ဦးသေဆုံးခဲ့သလို ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာလည်း ရပ်ကွက်လုံခြုံရေးကင်းစောင့်နေတဲ့ ဒေသခံ ၁ ဦး သေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး၊ အိဝါမောင်၊ သန်းထိုက်မြင့်