အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့သစ်နဲ့ နိုင်ငံရေးပါတီတို့ရဲ့ တွေ့ဆုံအစည်းအဝေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အန်အယ်လ်ဒီပါတီ ဌာနချုပ်ရုံး ဖောက်ထွင်း ခံရတာနဲ့ပတ်သက်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် အဖွဲ့ချုပ်ရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီ တာဝန်ရှိသူတွေက ပြောကြားလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို လာမယ့် သောကြာနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေပြည်တော်ရှိ ကော်မရှင်ရုံးမှာ ကျင်းပမှာဖြစ်လို့ ပါတီ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး ဒါမှမဟုတ် တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးဦး တက်ရောက်ဖို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်တို့ အပါအဝင် ပါတီထိပ်တန်းခေါင်းဆောင်တွေ အတော်များများကို စစ်အစိုးရက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။