မုံရွာမြို့က ရွှေပြည်အေးရပ်ကွက်မှာ စစ်ကောင်စီကနေ တိုက်ရိုက်ရွေးချယ်ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရပ်ကွက်နေပြည်သူတွေက လက်မခံကြောင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က သံပုံးတီးဆန္ဒပြခဲ့ကြပါတယ်။
ရွှေပြည်အေးရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ပါဝင်တဲ့ ခန့်အပ်ကြောင်း စာထွက်လာတဲ့နောက် ရပ်ကွက်နေ ပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ ခန့်အပ်ခဲ့တဲ့အတွက် အခုလို ဆန္ဒပြခဲ့ကြတာပါ။
ရွှေပြည်အေးရပ်ကွက်နေပြည်သူ ဦးသိန်းစိုးက “ပြည်သူလူထု ရွေးချယ်တဲ့သူလည်း မဟုတ်ဘူး။ နောက်ပြီး သူတို့ စစ်ကောင်စီက ခန့်လိုက်တဲ့ ကိစ္စကို ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာ မရှိပါဘူး။ ဒါ့ကြောင့် သံပုံးတီးပြီး ဆန္ဒပြတာ” လို့ ပြောပါတယ်။
ရွှေပြည်အေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နဲ့ ရပ်ကွက်အတွင်းက လမ်းမတွေမှာ ပြည်သူ ၃၀၀ လောက်က သံပုံးတီးဆန္ဒပြခဲ့ကြတာပါ။
ရွှေပြည်အေးရပ်ကွက်မှာ အိမ်ထောင်စုပေါင်း ၁၈၀၀ လောက်ရှိပြီး ရာအိမ်မှူးက ၁၂ ဦးရှိတယ်လို့ သိရပါတယ်။
ရန်နိုင်စိုး