ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးတချို့နဲ့ ပြည်ပနိုင်ငံတွေက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တချို့ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စရပ်တွေကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
သံတမန်ဆက်ဆံရေးဆိုင်ရာ ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်းအရ သံတမန်တွေဟာ နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ဘဲ လက်ခံသည့်နိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားဖို့ ဖော်ပြထားတယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးတွေအနေနဲ့ ဗီယင်နာကွန်ဗင်းရှင်းနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတို့မှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံအများက လက်ခံကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့ စံနှုန်းတွေကို တိကျစွာလိုက်နာဖို့လည်း ဖေဖော်ဝါရီ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။