မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်မှုမှ ရှောင်ကြဉ်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက တိုက်တွန်းလိုက်ပါတယ်။
စနေနေနေ့က မန္တလေးမြို့ ရတနာပုံသင်္ဘောကျင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေအပေါ် လူကိုသေစေတဲ့အထိ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ဖြစ်စဉ်မှာ လူနှစ်ယောက်သေဆုံးခဲ့ပြီး လူပေါင်းဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တာကြားသိရလို့ များစွာ စိုးရိမ်ပူပန်မိပြီး သေဆုံး၊ ဒဏ်ရာရရှိသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူအလွန် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဆန္ဒပြသူတွေအပေါ် အင်အားအလွန်အကျွံအသုံးပြုမှုကို ရပ်တန့်ရမှာဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် တခြား လူ့အခွင့်အရေးနဲ့ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်/စီတန်းလှည့်လည်ခွင့်ကို အပြည့်အဝ လေးစားလိုက်နာကြဖို့လည်း တိုက်တွန်းပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က စစ်ဘက် ခေါင်းဆောင်တွေကို မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လေးစားဖို့ ဒီမိုကရေစီစံနှုန်းတွေကို လေးစား လိုက်နာဖို့၊ ကွဲလွဲမှုမှန်သမျှကို ငြိမ်းချမ်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းထားသည့်အတိုင်း ထပ်လောင်း ပြောကြားလိုတယ်လို့လည်း ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။