ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်သပြေကုန်းအဝိုင်းအနီးမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် ဦးခေါင်း ကျည်ထိမှန် ကျဆုံးသွားခဲ့တဲ့ အမျိုးသမီးငယ် မမြသွဲ့သွဲ့ခိုင်ကို နေပြည်တော်ရှိ ကွေ့ကြီးသုသာန်မှာ ဒီကနေ့ မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ဂူသွင်းခဲ့ပါတယ်။
သေနတ်ကျည်ဆန် ဦးခေါင်းထဲမှာ ဝင်နေပြီး အသက်ရှူစက်နဲ့ အသက်ရှိနေခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ခွဲစိတ်ပြီး တွေ့ရတဲ့ ကျည်ဆန်ဟာ သတ္တုကျည်အမျိုးအစား (ကျည်ဆန်အစစ်) ဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုချက်ပေးခဲ့ပါတယ်။
ကျဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ စျာပနကို လူဦးရေ သိန်းချီလိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။