ရှမ်းပြည်နယ် တောင်ကြီးမြို့က ၈၈ မျိုးဆက်ကျောင်းသား ဦးညီညီရွှေဟာ မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ သိရပါတယ်။
ဦးညီညီရွှေဟာ ဖေဖော်ဝါရီ ၂၀ ရက်၊ ည ၈ နာရီခွဲအချိန်လောက်က တောင်ကြီးမြို့ အထက (၁) ကျောင်းအနီးရှိ စားသောက်ဆိုင် တစ်ဆိုင်မှာ ထိုင်နေစဉ် အရပ်ဝတ်လူတစ်စုက လာရောက်ဖမ်းဆီးခေါ် ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
“သူ့သူငယ်ချင်းတွေနဲ့အတူ ဆိုင်မှာထိုင်နေတာ။ သူငယ်ချင်းတွေပြန်သွားတော့ သူလည်း ထပြန်ဖို့ လုပ်နေချိန်မှာ အရပ်ဝတ်နဲ့ လူလေးယောက်လောက်က အတင်းဆွဲခေါ်ပြီး ပရိုဘောက် ကားထဲကို ဆွဲခေါ်သွားတယ်။ ပြည်သူတွေက ဝိုင်းကူပေမဲ့ လူအင်အားမမျှဘူး၊ သူတို့က အယောက် ၂၀ လောက်ရှိတယ်၊ ကြိုရောက်ထားပြီးသား” လို့ ဦးညီညီရွှေရဲ့ မိသားစုဝင်က ပြောပါတယ်။
ဦးညီညီရွှေဟာ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး NLD ပါတီရဲ့ တောင်ကြီးခရိုင် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူတဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က တောင်ကြီးမြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ဦးမြင့်ဌေး (ခ)ကိုဘယ်ကျော်၊ ပညာရောင်ခြည်ကိုယ်ပိုင်ကျောင်းက ဦးကြည်ရှိန်နဲ့ ရှေ့နေ ဦးကျော်ဝင်းနိုင်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့ပါတီက ဦးဝင်းကိုကိုတို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
ရှမ်းပြည်နယ်မှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်အထိ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၁၀၀ ဝန်းကျင်ရှိပြီလို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးစိုးညွန့်လွင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့ စာရင်းအရ သိရပါတယ်။