တနင်္သာရီတိုင်း လေးမြို့နယ်ပူးပေါင်းပြီး ထားဝယ်မှာ ဆန္ဒပြနေကြတဲ့သူတွေကို စစ်အာဏာရှင်စနစ် ပြုတ်ကျတဲ့အထိ ထမင်း ဟင်း အလှူပြုလုပ်သွားမယ်လို့ အလှူရှင်မိသားစုက ပြောပါတယ်။
ဒီလှူဒါန်းကျွေးမွေးတာကို မြို့တွင်း ရပ်ကွက်က နေအိမ်တခုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး မနက် ၈ နာရီကနေ ည ၈နာရီအထိ ထမင်းဟင်း အပါအဝင် ထားဝယ်မုန့်လက်သုပ်၊ ငပိရည်ကျိုမုန့်ဖတ်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော် စတာတွေကို နေ့စဉ်ကျွေးနေတာလို့ အလှူရှင် ဦးနေဝင်း မိသားစုက ပြောပါတယ်။
“အာဏာရှင်စနစ် လုံးဝမလိုချင်တာကြောင့် အရေးတော်ပုံမအောင်မမြင်မချင်း ကျမတို့အိမ်ကနေ ကျွေးမွေးမယ်။ နယ်ကနေ ဆန္ဒပြတဲ့သူတွေ စားရေးသောက်ရေး အဆင်မပြေတာ ကြားလို့ အခုလို့ လှူဒါန်းဖို့ စီစဉ်တာ။ အရေးတော်ပုံကြီး အောင်မြင်တဲ့အထိ ကျွေးမွေးပါ့မယ်လို့ ကတိပြုပါတယ်” လို့ ပြောပါတယ်။
အခုလို ကျွေးမွေးနိုင်ဖို့ သူတို့မိသားစုအပြင် သူငယ်ချင်းတွေ အပါအဝင် အလှူငွေ ဝိုင်းဝန်းထည့်ဝင်ကြတယ်လို့ အလှူရှင် အမျိုးသမီးက ပြောပါတယ်။
တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲတွေကို ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနဲ့ ရေဖြူ ၄ မြို့နယ် ပူးပေါင်းပြီး ထားဝယ်မြို့မှာ နေ့စဉ်အင်အား သိန်းချီ ဆင်နွှဲနေကြတာပါ။