တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဆက်လက်ကျင်းပနေပြီး ဒီနေ့မှာတော့ သပိတ်စစ်ကြောင်းတွေ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ကြက်စားပြင်စုရပ်ကွက်ကနေ စထွက်တဲ့ သပိတ်စစ်ကြောင်းကတော့ ကမ်းနားလမ်းကပတ်ပြီး မြိတ်တန်းလမ်းဆုံမှာ ကဗျာရွတ်တာ၊ ဥတ္တတားကြီးမှာ WE AGAINST DICTATORSHIP DAWEI စာတန်းရေးထိုးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။
သပိတ်စစ်ကြောင်း အခုလက်ရှိမှာတော့ ဥတ္တတားကြီးမှာရှိတဲ့ ဆန္ဒပြသူတွေ ပူးပေါင်းပြီး ဦးဆောင်သူအချို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မမြသွဲ့သွဲ့ခိုင် အပါအဝင် ကျဆုံးသွားတဲ့သူတွေအတွက် ငါတို့ ဆက်လျှောက်ရမယ်၊ မျိုးဆက်သစ်လူငယ်တွေအတွက် ငါတို့ ဆက်လျှောက်ရမယ်ဆိုပြီး ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဥတ္တတားကြီးလမ်းဆုံမှာ WE AGAINST DICTATORSHIP DAWEI စာတန်းရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီနေ့ ဆန္ဒပြပွဲမှာ ကမ်းနားစျေးအဖွဲ့၊ တောင်သူလယ်သမားအဖွဲ့၊ အင်ဂျင်နီယာအဖွဲ့၊ တက္ကသိုလ်ကျောင်းသားအဖွဲ့၊ သွေးလှူရှင်အဖွဲ့ စတဲ့အဖွဲ့တွေအပါအဝင် ပြည်သူ အင်အား ၁ သိန်းလောက်ရှိတယ်လို့ ဆိုပါတယ်။
ထားဝယ်ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ တစုံတရာ နှောင့်ယှက်ဟန့်တားတာမရှိဘူးလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
သတင်း၊ဓာတ်ပုံ - မီးငယ်လေး