Home
မြန်မာသတင်း
တခါတည်း အမိန့်ချပေးရန် တရားစွဲဆိုခံထားရသည့် ဦးဝင်းထိန် တောင်းဆို
DVB
·
February 19, 2021
439262-438271-u-win-htein-730x365-1-730x365

ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ  ဦးဝင်းထိန်က တခါတည်း အမိန့်ချပေးဖို့ ပြောလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးမှာ video conferencing နဲ့ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒက္ခိဏသီရိခရိုင်တရားရုံမှာ သတင်းပြန်ကြားရေးအရာရှိ ဒေါ်ဖြူဝင်းလတ်က “ဒီအမှုကို ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူကနေပြီးတော့ ဦးတိုက်လျှောက်ထားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစွဲဆိုမှုအပေါ်မှာ တရားရုံးကနေပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၁၂၄- က အရ ဦး၀င်းထိန်အပေါ်မှာ အရေးယူထားတာဖြစ်ပါတယ်” လို့ ပြောတယ်။

အခုလိုရုံးထုတ်စစ်ဆေးတာမှာ တခါတည်း အမိန့်ချပေးဖို့ ဦးဝင်းထိန်က ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

“ရှေ့နေကိုယ်စားလှယ်စာတင်ဖို့ ချိန်းဆိုထားတဲ့အတွက် ရှေ့နေကိုယ်စားလှယ်စာတင်ဖို့ မေးမြန်းတဲ့အခါမှာ ဦး၀င်းထိန်က တခါတည်းအမိန့်ချပေးဖို့ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အမှုစစ်တရားသူကြီးကနေပြီးတော့ ဥပဒေနဲ့အညီ သက်သေခံချက်တွေရယူပြီးမှပဲ အမိန့်ချမှတ်ပေးနိုင်မှာဖြစ်တဲ့အကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။ လျှောက်ထားခဲ့ရသူ ဦး၀င်းထိန်ကနေပြီးတော့ လာမယ့်ရုံးချိန်းမှာ ရှေ့နေကိုယ်စားလှယ် စာတင်မယ်လို့ ပြောဆိုခဲ့တဲ့အတွက် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်” လို့ ဒေါ်ဖြူဝင်းလတ်က ပြောပါတယ်။

ရုံးချိန်းကို မတ်လ ၅ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပြီး ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်မှာ ချုပ်မိန့်ပေးလိုက်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024