ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ စစ်အာဏာသိမ်းဆန့်ကျင်ရေး အထွေထွေသပိတ်မှာ ပါဝင်နေသူတွေကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်နေတာ ၁၅ ဦးထိ ရှိလာနေပြီလို့ ကာယကံရှင်မိသားစုဝင်တွေက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။
အာဏာသိမ်းစစ်အစိုးရရဲ့ ဖမ်းဆီးချုပ်နှောင်ထားသူတွေထဲမှာ ကျိုင်းတုံမြို့က လုပ်ငန်းရှင်တွေ၊ ပရဟိတသမားတွေ၊ CDM ပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ လူမှုကွန်ရက်မှာ သတင်းတွေဖြန့်ဝေနေတဲ့ မီဒီယာသမားတွေပါဝင်နေပါတယ်။
လက်လှမ်းမီသမျှစာရင်းအရ ရှမ်းပြည်တခုလုံးမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မြို့နယ်အနှံ့က ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၀၀ ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အစိုးရက ဖမ်းဆီးချုပ်နှောင်ထားသူတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မတွေအပြင် အခြားပုဒ်မတွေနဲ့လည်း တရားစွဲဆိုနေပါတယ်။
ဖမ်းဆီးခံထားရသူအများစုဟာ မိသားစုနဲ့ တွေ့ခွင့်မရကြဘူးလို့ သိရပါတယ်။