Home
မြန်မာသတင်း
ပုသိမ်မြို့က ဖမ်းဆီးခံနိုင်ငံ​ရေးသမားများ ပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
February 19, 2021
151998220_1053656455118697_5969941940699453999_o

ပုသိမ်မြို့မှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အလွတ်တန်း သတင်းထောက်တို့ကို ပြန်လွှတ်ပေးဖို့ ဒေသခံပြည်သူ တွေက ဖေဖော်ဝါရီလ ၁၈ ရက်ညနေပိုင်းက ပုသိမ်ထီးကျောက်တိုင်မှာ တောင်းဆိုဆန္ဒပြခဲ့ ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၄ ဦး၊ အလွတ်တန်း သတင်းထောက် ၁ ဦး စုစုပေါင်း ၅ ဦးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

"ကျနော်တို့ သိတဲ့ လူတွေဆိုရင် အားလုံး ၅ ယောက်ရှိပါပြီ၊ မသိလိုက်တဲ့ ဖမ်းဆီးခံရတဲ့ လူတွေလည်း ရှိနေပါတယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ထုတ်တဲ့လူတွေကို ခုလိုဥပဒေမဲ့ဖမ်းဆီးတာကို လုံးဝဆန့်ကျင်ပါတယ်။ နောက်ခုလိုဖမ်းဆီးတာမျိုးကို ပြည်သူတွေအနေနဲ့ လက်ခံမှာ မဟုတ်ပါဘူး''လို့ ဆန္ဒပြပွဲမှာပါဝင်သူတစ်ဦးက ပြောပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄ ဦးနဲ့ အလွတ်တန်းသတင်းထောက် ၁ ဦးကို ဘယ်မှာဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ်ရရှိတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတာတွေပြုလုပ်ခဲ့လို့ ဖမ်းဆီးခံရသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့ထားတဲ့ လမ်းကြောင်းတွေကို သွားလို့ရအောင် ညှိနှိုင်းခဲ့သူတွေဖြစ်ပြီး နေအိမ်ပြန်တဲ့ လမ်းမှာ ဖမ်းဆီးခံကြရတာလို့ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖမ်းဆီးတာတွေ လုပ်နေသလို နိုင်ငံရေးအကျဉ်းသား ဟောင်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့နေအိမ်တွေကို မနက် ၃ နာရီ လောက်မှာ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ရှောင်တိမ်းနေရတဲ့ နိုင်ငံရေးအကျည်းသားဟောင်း  တစ်ဦးက ပြောပါတယ်။

ပုသိမ်မြို့မှာ စစ်အာဏာသိမ်းပြီး ဖေ​ဖော်ဝါရီ ၅ ရက်ကစလို့ စစ်အစိုးရ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး ၇ ရက်မှ စတင်ကာ လူအင်အားသိန်းနဲ့ချီကာ ဆန့်ကျင်ဆန္ဒပြခဲ့ ကြပါတယ်။

သတင်း - မင်းထက်မုန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024