ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၈ နာရီအချိန်ကစတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ အာဏာရှင် စနစ်ကျဆုံးရေး၊ ဖမ်းဆီးခံထားရသူများပြန်လွှတ်ပေးရေးဖို့ မြို့ခံ ပြည်သူတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေပူးပေါင်းပြီး လူအင်အား သိန်းချီ ဆန္ဒပြခဲ့ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လာရောက်ပြီး လူစုခွဲဖို့ပြောဆိုခဲ့ပေမယ့် ပြည်သူတွေ၊ တက္ကသိုလ်ဘာသာပေါင်းစုံ သပိတ်နဲ့ ဆရာ ဆရာမတွေ အားလုံးပေါင်း အင်အား ၃ သိန်းကျော်လောက်က ပုသိမ်မြို့ပေါ်လမ်းတွေကို လှည့်လည် ဆန္ဒပြခဲ့ကြတာပါ။
စစ်အာဏာရှင် ဆန့်ကျင့်ရေးဆန္ဒပြတဲ့စစ်ကြောင်းဟာ မြို့တွင်းလမ်းတွေမှာ လုံခြုံရေးရယူ ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှောင်သွားခဲ့ပေမယ့် တချို့နေရာတွေမှာ ထိပ်တိုက်တွေ့ဆုံတာတွေ ရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်နဲ့ ညှိနှိုင်းပြီး ရှေ့ဆက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မှာ မြို့ခံပြည်သူနဲ့ ဝန်ထမ်းတွေပူးပေါင်းပြီး လူအင်အားသိန်းချီဆန္ဒပြခဲ့သလို ဧရာဝတီတိုင်းအတွင်းက မြို့နယ်တော်တော်များများမှာ လူအင်အားထောင်နဲ့ချီပြီ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဆိုတဲ့ ဆန္ဒပြတာတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ဒီနေ့ကစတင်ပြီး ပြုလုပ်လာခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ပုသိမ်မြို့မှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦးနဲ့ အလွတ်တန်း သတင်းထောက် ၁ ဦး စုစုပေါင်း ၅ ဦးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
သတင်း - မင်းထက်မုန်း