ကချင်ပြည်နယ် ပူတာအိုမြို့က စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒဖော်ထုတ်တဲ့ ဒေသခံ လူငယ်တွေနဲ့ CDM ပါ၀င်တဲ့ ပြည်သူ့၀န်ထမ်းတွေ တနေ့ထက်နေ့ ဖိအားပေးခံရလို့ ရှောင်ပုန်းနေကြတဲ့ အရေတွက်က ပိုများလာတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။
ပူတာအိုဒေသက မီဒီယာပိုင်းလည်း အားမကောင်းတော့ ခုလိုဖိနှိပ်ခံရတာလို့ တက်ကြွလူငယ်တစ်ဦးက ဆိုပါတယ်။
"ပူတာအိုမှာရှိတဲ့ ပြည်သူ့၀န်ထမ်းတွေအနေနဲ့ တစ်နိုင်ငံလုံးနည်းတူ CDM ပါ၀င်ကြပေမယ့် ပူတာအိုက နယ်မြေလည်း ကျဉ်းတယ်၊ ပြီးတော့ CDM ပါတဲ့ ၀န်ထမ်းတွေအတွက် မလွယ်ဘူး၊ ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းလည်း မရှိဘူး၊ ဘယ်မီဒီယာကလည်းမလာတော့ ပိုဆိုးတာပေါ့။ ခုဆို အကုန်လုံးရှောင်ပြေးနေပြီ CB Bank ၀န်ထမ်းတွေဆို အကုန်ပြေးနေရပြီ" လို့ ပြောပါတယ်။
ပူတာအိုက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာ လော်ကိုင်တဲ့သူတိုင်းကို ခေါင်းဆောင်တွေပါ ဆိုပြီး ဖမ်းဖို့ အမှုဖွင့်ခံရသူ အယောက် ၂၀ ၀န်းကျင်ရှိပြီလို့ သိရပါတယ်။
ပူတာအိုမြို့မှာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တာ ၁၀ ရက်တိတိ ရှိလာကာ တစ်ရက်ထက်တစ်ရက် ဆန္ဒပြသူ လူထုအင်အား တိုးလာတယ်လို့ သိရပါတယ်။
ဖေနောင်းအောင် (ပူတာအို)