ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ဖို့ လူစုနေစဥ်မှာ အမျိုးသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေ့မနက်က စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြဖို့အတွက် လူစုလူဝေးလုပ်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ကရောက်လာတယ်၊ ပြီးတော့ ဦးချစ်မောင်မောင်ရယ်၊ ကိုဇော်ဝင်းအောင်ရယ်၊ ဦးခင်သန်းရယ် သူတို့ ၃ ယောက်ကို ရဲကဖမ်းဆီးသွားတယ်ပေါ့။ သူတို့ကို ဖမ်းသွားတော့ ဆန္ဒပြမဲ့ အစီအစဥ်လည်းပျက်သွားခဲ့တယ်။”
တောင်ကုတ်မြို့မှာ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ဆန္ဒဖော်ထုတ်ဖို့ လူစုလူဝေးဖြစ်အောင်လုပ်ဆောင်တာကြောင့် ဖမ်းဆီးတာဖြစ်ပြီး အမှုဖွင့်လှစ်သွားမယ်လို့ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က ပြောပါတယ်။
“ဟုတ်တယ်၊ သူတို့ဘာမှ ဥပဒေခွင့်ပြုချက်မရှိဘဲနဲ့ ပြည်သူလူထုကိုလိုက်ပြီးလှုံ့ဆော်နေလို့ အမှုဖွင့်ဖို့လုပ်နေတုန်းပါ။
တောင်ကုတ်မြို့မှာ ဖေဖော်ဝါရီ ၉ ရက်နေ့က ပြုလုပ်တဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ပွဲအပြီးမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်အပါအဝင် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ငြိမ်းစုစီဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေတွေနဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။