ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့က စစ်ကောင်စီလက်အောက်ခံ မအီရဲစခန်းမှူး ရဲအုပ် ကိုကိုမင်းထွန်းကို ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၄ ရက် မနက် ၁၁ နာရီကျော်က ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်ပွဲ ကျင်းပနေချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဒီနေ့ ၁၁ နာရီကျော်လောက်မှာ မအီမြို့ရဲစခန်းမှူး ရဲအုပ်ကိုကိုမင်းထွန်း အေအေတပ်ဖွဲ့ဝင်တွေက လာပြီးဖမ်းသွားတယ်။ ဖမ်းတာက မအီမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ စတဲကျေးရွာက ဘုန်းကြီးကျောင်းမှာ ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်ပွဲမှာ အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းသွားတာပေါ့။ သူ့ကိုလာဖမ်းချိန်မှာ သေနတ်နဲ့ရော ဓားတွေပါ ပါလာကြတယ်”လို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ် စနဲမြို့မှာလည်း ပြီးခဲ့တဲ့ ၂ လကျော်က စစ်ကောင်စီလက်အောက်ခံ စနဲမြို့စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်း စျေးဝယ်ဖို့ ဆိုင်ကယ်နဲ့လာစဥ်မှာ ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို ရမ်းဗြဲမြို့နယ်မှာလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့ကို ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကြား တကျော့ပြန် တိုက်ပွဲပြင်းထန်လာချိန်မှာ ရက္ခိုင့်တပ်တော်က စစ်ကောင်စီလက်အောက်ခံ စစ်သားတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးတာတွေရှိပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ အရပ်သားပြည်သူတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်တာတွေရှိနေပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေ မဟုတ်ဘဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ် အပါအဝင် လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိနေပါတယ်။