ဧရာဝတီတိုင်း၊ အိမ်မဲမြို့မှာ CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတွေကို ဝိုင်းဝန်းကူညီခဲ့တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ညအချိန်မှာ ရဲနဲ့ အာဏာပိုင်တွေက ဖျက်ဆီးဝင်ရောက်ပြီး လိုက်လံ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာဖီဆန် CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတွေကို ကူညီပေးခဲ့တဲ့ ပြည်သူတချို့ရဲ့ နေအိမ်တွေကို တပ်မတော်သားတွေ၊ စစ်သားတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့အဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်း ၂ နာရီကျော်လောက်မှာ ခြံဝင်းတံခါးတွေ၊ နေအိမ်တံခါးတွေကို ဖျက်ဆီးဝင်ရောက်ပြီး ရှာဖွေဖမ်းဆီးတယ်လို့ နေအိမ်တံခါး ဖျက်ဆီးခံရတဲ့ ကိုသူရစိုးက ပြောပါတယ်။
“ရဲရော စစ်သားရော အုပ်ချုပ်ရေးမှူးရော ရာအိမ်မှူးတွေ အပါအဝင်ပေါ့နော်။ စုစုပေါင်း လူအင်အား ၁၅ ဦးလောက်ရှိမယ်လို့ ထင်တယ်၊ နေအိမ်ကို လာတယ်၊ အကုန်လုံးကို ကန်ကျောက်ဖျက်ဆီးပြီး ဝင်ရောက်လာတယ်၊ လူမရှိတဲ့နေအိမ်မှာ တံခါးတွေကိုလည်း အင်အားသုံးပြီးတော့ ကန်ကျောက်ပြီးတော့ ဖျက်ဆီးပြီး ထွက်သွားတယ်။ နောက်လူမရှိတဲ့နေအိမ်ကို တံခါးတွေကို ဒီအတိုင်းကြီးပဲဖွင့်ပြီးတော့ ထားခဲ့ကြတယ်။”
ဖမ်းဆီးမယ့် သတင်းကြားတဲ့အတွက် စောစောစီးစီး တိမ်းရှောင်ခဲ့လို့ ဖမ်းဆီးခံရခြင်းတော့ မရှိဘူးလို့ ကိုသူရစိုးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့လောက်ကလည်း CDM လုပ်ပြီး လူထုဆန္ဒပြပွဲမှာလိုက်ပါခဲ့တဲ့ လ.ဝ.က ဦးစီးအပါအဝင် လ.ဝ.က ဝန်ထမ်း ၃ ယောက်ကို ညဘက် ၁၁ နာရီခွဲလောက်မှာ ရဲတွေ လာဖမ်းခဲ့တယ်လို့ ပြောပါတယ်။
အလားတူ အိမ်မဲကြီး ၁၂ လမ်းမှာရှိတဲ့ ဦးအေးမင်း၊ ဒေါ်သဇင်တို့အိမ်ကိုလည်း တံခါးကိုအတင်းဖွင့်ခိုင်းပြီးမရတဲ့အခါ ကန်ကျောက်ဖျက်ဆီးပြီး ချွန်ထက်တဲ့အရာတွေနဲ့ ဖောက်ပြီးတော့ တံခါးတွေကို ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ဒါအပြင် ရွှေမြန်မာ ၂ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ကိုလည်း ၃ နာရီဝန်းကျင်လောက်မှာ အင်အားသုံးပြီးတော့ တံခါးတွေကို တွန်းဖွင့်ခဲ့သလို စားသောက်ဆိုင်မှာရှိတဲ့ ကာထားတဲ့ မှန်တွေကို အကုန်ခွဲပြီး ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
အိမ်မဲမြို့မှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ ဦးမင်းမင်းအောင်နဲ့ ကိုဇော်ညိုဦးတို့ နှစ်ဦးရဲ့ မိသားစုကိုတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။
အိမ်မဲမြို့မှာတော့ နေ့စဉ်ပင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆန္ဒထုတ်ဖော်ပွဲတွေဟာ ဆက်လက်ပြုလုပ်လျှက်ရှိနေပါတယ်။