စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေကို ရဲကားနဲ့ ဖြတ်တိုက်ခဲ့တဲ့ သံတွဲမြို့မှာ ဒီနေ့ တပ်မတော် ထောက်ခံသူတွေ ဆန္ဒပြခဲ့ပါတယ်။
“သူတို့က ကြံ့ခိုင်ရေးပါတီရုံးရှေ့မှာ လူစုပြီး ထွက်တယ်။ မြို့ထဲ တပတ်ပတ်ပြီး စုရပ်ကို ပြန်သွားတယ်။ လူအင်အားတော့ မခန့်မှန်းတတ်ဘူး။ ရဲတွေက မတားဘူး၊ ဘေးကလိုက်ပေးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီနေ့ ဒီလို ထောက်ခံပွဲရှိတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဒီနေ့မလုပ်ခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတွေက တောက်လျှောက် လိုက်လံပိတ်ဆို့ခဲ့သလို ရဲကားနဲ့လည်း လူတန်းကို ဖြတ်တိုက်ခဲ့ပြီး ဒါကိုတားဆီးတဲ့အနေနဲ့ ရဲကားကို လက်သီးနဲ့ ထိုးခဲ့သူတယောက်ကို အမှုဖွင့်ထားပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှဟာ သံတွဲမြို့နယ် ဇီးကျွန်းရွာဇာတိ ဖြစ်ပါတယ်။