မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုအထိမ်းမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မုံရွာမြို့မှာ ပဲပြုတ်နံပြား ဝေငှခဲ့ပါတယ်။
ပဲပြုတ်နံပြားဝေငှတဲ့အထဲ ပါဝင်သူတစ်ဦးက "အရင်နှစ်တွေက ဗိုလ်ချုပ်မွေးနေ့တိုင်း ပဲပြုတ်နံပြား ဝေရတဲ့ခံစားချက်နဲ့ ဒီနှစ်ခံစားချက်ကတော့မတူဘူးပေါ့။ ဒီနှစ်က ပြည်သူအားလုံး စိတ်သောကတွေနဲ့ဆိုတော့ အရင်လို ပျော်ရွှင်မှုမရှိတော့ဘူး။ သောကတွေ ဖိစီးနေတော့ ပျော်ရွှင်မှုက သိပ်မရှိသလောက် လျော့ကျနေကြရတယ်။ အရင်ကနှစ်တွေကဆို စာပေဟောပြောပွဲတွေ၊ ပျော်ပွဲရွှင်ပွဲအထိမ်းမှတ်တွေ ရပ်ကွက်တိုင်းလုပ်ကြတယ်။ ဒီနှစ် ဗိုလ်ချုပ်မွေးနေ့မှတော့ စစ်အာဏာရှင်ကျဆုံးရေး ကြွေးကြော်သံတွေနဲ့အတူ ဖြတ်သန်းခဲ့ရပြီ" လို့ ပြောပါတယ်။
မုံရွာမြို့မှာ ဗိုလ်ချုပ်မွေးနေ့အထိမ်းမှတ်အဖြစ် ပဲပြုတ်နံပြားဝေငှတာကို မြို့တွင်းရှိ ရပ်ကွက်နေရာတချို့မှာ ပြုလုပ်ခဲ့ကြသလို အာဏာသိမ်းစစ်အစိုးရပြုတ်ကျရေးအတွက် ဆန္ဒပြသပိတ်စစ်ကြောင်းများကလည်း မြို့လယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်မှာ အလေးပြုဆုတောင်းခဲ့ကြပါတယ်။
မုံရွာမြို့မှာ အာဏာသိမ်းစစ်အစိုးရပြုတ်ကျရေးအတွက် သပိတ်မှောက်ဆန္ဒပြတာဟာ ဒီနေ့နဲ့ဆို ၁၀ မြောက်ရှိပြီဖြစ်ပြီး တနေ့ထက်တနေ့ အရှိန်မြင့်တက်လာသလို ဌာနအသီးသီးမှ ဝန်ထမ်းတွေလည်း ပါဝင်လာနေကြတာပါ။
ရန်နိုင်စိုး