မွန်ပြည်နယ် ရေးမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၅ ရက်မြောက်နေ့မှာ အင်အားသောင်းနဲ့ချီ ပါဝင်ခဲ့ပြီး အရှိန်မြင့်တက်လာနေပါတယ်။
ဆန္ဒပြပွဲမှာ မြန်မာ့မီးရထား၊ မြေစာရင်းဦးစီးဌာန၊ ကျန်းမာရေး၊ ပညာရေး၊ ဘဏ် စတဲ့ ဌာနတွေက ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေ ပါဝင်ပူးပေါင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒပြတဲ့သူတွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်သူတွေ ရွေးချယ်ထားတင်မြှောက်ထားတဲ့ အစိုးရတရပ်ကို အလိုရှိပြီး စစ်အာဏာရှင် အလိုမရှိကြောင်း၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို အမြန်ဆုံး လွှတ်တော် ပြန်ခေါ်ယူပေးကျင်းပဖို့ တောင်းဆိုဆန္ဒပြခဲ့သွားပါတယ်။