ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှာ ဒီနေ့ မနက် ၉ နာရီကစပြီး ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် ဒေသခံတောင်သူတွေပါ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်လာကြပါတယ်။
ဆန္ဒပြပွဲမှာ မြန်မာ့မီးရထား၊ လျှပ်စစ်၊ သာယာကုန်း ပင်မဓာတ်အားခွဲရုံ၊ ကျန်းမာရေး၊ ပညာရေး၊ စက်မှုလက်မှု၊ ရဲနွယ်ရေအားလျှပ်စစ်၊ မီးရထားလမ်းကုမ္ပဏီ စတဲ့ဝန်ထမ်းတွေနဲ့ ကုန်တင်ကုန်ချလုပ်သားတွေ ပါဝင်လာကြပြီး ဒေသခံတောင်သူတွေက လယ်ထွန်စက်တွေနဲ့အတူ ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြပြည်သူအင်အား ၁ သိန်းနီးပါးလောက်ရှိပြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း၊ ဖဒိုနဲ့ တောကျွဲအင်းလေးဒေသက ပြည်သူတွေပါဝင်ခဲ့ကြပါတယ်။
ကျောက်တံခါးမြို့နယ်မှာ စစ်အာဏာရှင်အလိုမရှိ ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့တာ ဒီနေ့ဆို ငါးရက်မြောက်ဖြစ်ပြီး CDM လှုပ်ရှားမှုမှာ ပူးပေါင်းတဲ့ ဌာနဆိုင်ရာတွေ စုံလာတာကို တွေ့ရှိရပါတယ်။
သတင်း - ကျော်အောင်