ပြည်သူလူထုက တင်မြှောက်ထားတဲ့အစိုးရ ခေါင်းဆောင်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းတဲ့အပေါ် ကန့်ကွက်ဆန္ဒပြပွဲတွေ၊ အလုပ်မဆင်းဘဲ အာဏာဖီဆန်ရေးလှုပ်ရှား (CDM) တာတွေ နိုင်ငံတဝန်းမှာ ပြုလုပ်နေကြပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝန်ထမ်း တဦးဖြစ်သူအနေနဲ့ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာပါ၀င်ကြောင်း ဒီနေ့ ကြေညာခဲ့ပါတယ်။ ဒါဟာ ရုံးကနေ ခွင့်မဲ့ပျက်ကွက်တာမဟုတ်ဘဲ ဥပဒေနဲ့အညီနေထိုင်နေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့အစိုးရထံ တရားဝင်အာဏာအပ်နှင်းမှသာ အလုပ်ပြန်လည်ဝင်ရောက်လုပ်ကိုင်မယ်လို့လည်း ဆိုပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဗဟိုဘဏ်အကြီးတန်းစားရေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ CDMလှုပ်ရှားမှုမှာ ပါ၀င်ခဲ့တာ ဘယ်တုန်းက စတင်ပါ၀င်ခဲ့လဲခင်ဗျ။
ဖြေ။ ။ ဘယ်နေ့ကစလုပ်လဲဆိုတော့ တရားဝင်ကြေညာတာ မနေ့ကပေါ့။ အစတုန်းကတော့ ရုံးကို တပတ်ဆင်း၊ တပတ်နားရှိတယ်ဆိုတဲ့အခါကျတော့ နားနေတဲ့သူတွေနဲ့ CDM လုပ်တဲ့သူတွေနဲ့ သိပ်မကွဲပြားဘူးပေါ့နော်၊ အဲဒါနဲ့ စုပြီးတော့ စာရိုက်ပြီးတော့မှ CDM လုပ်တာကို မနေ့ကစတာ။
မေး။ ။ CDMလှုပ်ရှားမှုမှာ ဘာဖြစ်လို့ ကိုယ်တိုင်ပါ၀င်ဆောင်ရွက်တာလဲဆိုတာ ပြောပြပါ။
ဖြေ။ ။ CDM ဘာလို့ပါလဲဆိုတော့ ဒီစစ်အာဏာရှင်မကြိုက်လို့ပေ့ါနော်။ နောက်ပြီးတော့ လူငယ်လေးတွေတောင်မှ လမ်းထွက်ပြီး ဆန္ဒပြနေတာရှိတယ်။ ကျမတို့က ရုံးမတက်တာလောက်ကတော့၊ ဒီလောက်ကတော့ ကူညီနိုင်တယ်ဆိုပြီးတော့ ပါတာပေါ့။
မေး။ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေက CDM လှုပ်ရှားမှုမှာပါတဲ့ဝန်ထမ်းတွေအတွက် ဥပဒေတရပ်ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားမယ်လို့ ထုတ်ပြန်တာရှိတယ်။ ဒီအပေါ် ဘယ်လိုသဘောထားရှိပါသလဲ။
ဖြေ။ ။ အဲဒီလိုသဘောထားကြေညာတယ်ဆိုတာတော့ မသိဘူးရှင့်၊ CDM လုပ်တာက အဓိကကတော့ ပါတီနိုင်ငံရေးတွေကြောင့်မဟုတ်ဘူး။ စစ်အာဏာရှင် အတင်းအကျပ်လုပ်တာမျိုးကို မကြိုက်တာပေါ့နော်။ သေနတ်အားကိုးပြီးတော့ လုပ်တာ မကြိုက်တဲ့အတွက် CDM လုပ်တာ၊ ဆန္ဒပြနေတဲ့သူတွေကို ကူညီတာ။