စစ်အာဏာရှင်အလိုမရှိကြောင်း မန္တလေးတိုင်း ဝမ်းတွင်းမြို့မှာ လူတန်းစားအလွှာပေါင်းစုံ ပူးပေါင်းပြီး အင်အား ငါးသောင်းကျော် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဝမ်းတွင်းမြို့နယ်ရှေ့နေများအသင်းဝင် ရှေ့နေတစ်ဦးက "စစ်အာဏာရှင်ကို မလိုချင်လို့ တွန်းလှန်နေကြတာပါ၊ သပိတ်မှောက်နေတာပါ။ ကျနော်တို့ ဝမ်းတွင်းမြို့နယ်ရှေ့နေများအသင်းက ပူးပေါင်းပါဝင်တာပါ" လို့ ပြောပါတယ်။
သံဃာတော်ဦးဇင်းတစ်ပါး က"စစ်အာဏာရှင်အလိုမရှိလို့ တိုက်ထုတ်ဆန္ဒပြနေတာပါ။ အားလုံးပူးပေါင်းပါဝင်ပေးကြပါ"လို့ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။
ဆန္ဒပြပြည်သူတစ်ဦးက "ကျနော်တို့အတွက်ထက် ကျနော့်တို့သားသမီးတွေအတွက် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြနေတာပါ။ စစ်တပ်စစ်အာဏာရှင်အောက်မှာ ကျနော်တို့နေခဲ့ဖူးပါပြီ။ ကျနော်တို့သားသမီးတွေ စစ်အာဏာရှင် ဖိနှိပ်မှူအောက်မှာ အကြောက်တရားတွေနဲ့ မရှင်သန်ရအောင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေတာပါ" လို့ ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဒိုအရေး၊ ဘယ်သူဝန်ထမ်းလဲ ပြည်သူဝန်ထမ်း၊ ဒို့လူမျိုးတွေညီစေနော် ညီတယ်ဟေ့ ညီတယ်ဟေ့၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ အမေစုနဲ့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်များလွှတ်ပေးရေး စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဝမ်းတွင်းဆန္ဒပြရာပွဲမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ အခြေခံပညာရေးဆရာ ဆရာမတွေ၊ LGBT တွေ၊ စက်ရုအလုပ်ရုံ အလုပ်သမားတွေ၊ ကျေးလက်ပြည်သူတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ ဌာနဆိုင်ရာများ ပါဝင်ဆန္ဒပြခဲ့ကြပြီး ဝန်းရံပြည်သူတွေက ရေသန့်နဲ့ အချိုရည်ဘူး ဝေပေးပြီး လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။
သတင်း-ဓာတ်ပုံ-မောင်မောင်လင်း