ပြည်သူ့ပါတီ ရှမ်းပြည်နယ်အတွင်းရေးမှူး ဦးဝင်းကိုကိုကို တောင်ကြီးမြို့ အေးသာယာမြို့သစ်ရှိ ဖခင်ဖြစ်သူရဲ့ နေအိမ်မှာ ရဲတပ်ဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက် နေ့လည် တစ်နာရီခွဲ လောက်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ကိုဝင်းကိုကို အဖေအိမ် အေးသာယာမြို့သစ်မှာ လာခေါ်သွားတာပါ၊ သူတို့က ၈၈ မျိုးဆက်အဖွဲ့တွေက သူတို့ကို အန္တရာယ်ပေးလိမ့်မယ်လို့ ယူဆလို့၊ ခေါင်ဆောင်မှုပေးနေတယ်လို့ ယူဆလို့ဖြစ်မှာပေါ့။ အဲဒီသံသယနဲ့ လိုက်ပြီးဖမ်းနေတယ်လို့ယူဆတယ်။ တကယ်တော့ လှုပ်ရှားမှု ဟာလူငယ်တွေချည်းပဲလေ၊ ကျောင်းအသီးသီး နေရာအသီးသီးကနေ လူငယ်တွေပေါ်လာကြတယ်။ ၈၈ မျိုးဆက်က ဦးဆောင်ပေးတာမရှိပါဘူး” လို့ ရှမ်းပြည်နယ် ၈၈ မျိုးဆက် ကျောင်းသားတစ်ဦး ကပြောပါတယ်။
ဦးဝင်းကိုကိုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ ပြည်နယ်အမှတ် ၂ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၉ ရက် မနက်ကလည်း တောင်ကြီးမြို့မှာနေထိုင်တဲ့ ရှမ်းပြည်နိုင်ငံရေးအ ကျဉ်းသားဟောင်းများအဖွဲ့မှ ကိုမြင့်ဌေး(ခ)ကိုဘယ်ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။
ဒီကနေ့ မိသားစုဝင်တွေက ရှေ့နေတွေနဲ့အတူ တောင်လေးလုံး အကျဉ်းထောင်ကို သွားတွေ့တာ တွေ့ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။