ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်ကို နောင်ချိုမြို့ရှိ သူ့ရဲ့ နေအိမ်ကနေ ဒီနေ့ ညနေမှာ ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
“ရန်ကုန်ကိုတော့ မသွားပါနဲ့ဆိုလို့ နောင်ချို၊ ကျောက်တောရွာက အိမ်မှာ လာနေတာပါ။ ဒီညနေ ၄ နာရီ၊ ၄၅ မိနစ်မှာ စရဖနဲ့ နယ်မြေခံရဲနဲ့လာပြီး လာခေါ်သွားတာပါ” လို့ သူ့ရဲ့ မိသားစုဝင်က ပြောပါတယ်။
ဦးထွန်းထွန်ဟိန်ကို ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဖေဖော်ဝါရီ ၇ ရက်ကမှ ပြန်လွှတ်ပေးခဲ့တာပါ။
ဦးထွန်းထွန်ဟိန်ဟာ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်ပါတယ်။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေကို စစ်အစိုးရက ထပ်မံဖမ်းဆီးနေတာ ဖြစ်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုလည်း ဒီညနေ ၄ နာရီခွဲမှာ ပြန်လည် ဖမ်းဆီးသွားတယ်လို့ အန်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲဝင် ဦးကြည်တိုးထံက သိရပါတယ်။