မန္တလေးမြို့မှာ ဖမ်းဆီးခံထားရတဲ့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြတောင်းဆိုသူတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးသွားဖို့ ရှိနေပါတယ်။
ဖမ်းဆီးခံရသူတွေကို မဟာအောင်မြေမြို့နယ် တရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး စုစုပေါင်း ဖမ်းဆီးခံရသူအယောက် ၈၀ လောက် ရုံးထုတ်ဖို့ ရှိတယ်လို့ အခမဲ့ အမှုလိုက်ပေးမယ့် ရှေ့နေတစ်ဦးက ပြောပါတယ်။
ဒီလိုရုံးထုတ်မယ်ဆိုတဲ့ သတင်းကြောင့် မဟာအောင်မြေမြို့နယ် တရားရုံးရှေ့မှာ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ လာရောက်စောင့်ဆိုင်းခဲ့ပါတယ်။
မန္တလေးမြို့က အာဏာရှင်စနစ် ပြုတ်ကျရေး ဆန္ဒပြသူတွေ အများဆုံး စုဝေးတဲ့ ၃၈ လမ်း ၇၃ လမ်းနဲ့ ၇၈ လမ်းကြားကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ စစ်သားအင်အား၊ ရဲအင်အား အလုံးအရင်းနဲ့ လုံခြုံရေးချထားတာကို တွေ့ရပါတယ်။
မန္တလေးမြို့ ၆၂ လမ်း မနော်ရမန်ပန်းခြံမှာတော့ စည်းဝိုင်းဝိုင်းပြီး လေးယောက် တစုထိုင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်လာပြီးတဲ့နောက်မှာ ရန်ကုန်နဲ့ မန္တလေးပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၀ ခုမှာ လူ ၅ ဦးထက် ပိုမစုရတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို အာဏာသိမ်းအစိုးရက ထုတ်ပြန်ထားပါတယ်။