မကွေးတိုင်း ချောက်ရေနံမြေက အလုပ်သမားတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်မှာတော့ အမှတ် ၂ ရေနံချက်စက်ရုံ ချောက်မှ စက်ရုံဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာပါတယ်။
ချောက်ရေနံမြေမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အနေနဲ့ ပြည်သူတွေလမ်းပေါ်ထွက် သပိတ်မှောက်နေတာဟာ ဒီကနေ့ဆိုရင် ၄ ရက်မြောက်ရှိလာပြီး လူအင်အား ပိုများလာတာကို တွေ့ရပါတယ်။
အဲဒီအထဲမှာ ရေနံမြေအလုပ်သမားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အစည်းအရုံးအသင်းအဖွဲ့တွေ၊ သံဃာတော်တွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ လုပ်သားပြည်သူတွေ အားလုံး ပူးပေါင်းပါဝင်ပြီး အင်အားသိန်းနဲ့ချီ နေ့စဉ် ဆန္ဒပြနေတာ ဖြစ်ပါတယ်။
မြို့ပေါ်ရှိ လူမှုကူညီရေးအသင်းကားတွေကလည်း သပိတ်လမ်းကြောင်းအတိုင်း နေရာဖြန့် အကူညီပေးနိုင်ဖို့ စောင့်ရှောက်လိုက်ပါကူညီပေးနေကြပါတယ်။